၁။       မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်းသည် စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ အသင်းဝင် လျှောက်ထားချက်များအပေါ် စိစစ်၍ အသင်းဝင်မှတ်ပုံတင်လက်မှတ်များ (Certificate of Membership)  ထုတ်ပေး လျက်ရှိပြီး အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအပိုဒ် (၁၆.၆) အရ အသင်း၏ မှတ်ပုံတင်စာရင်းအား မှတ်တမ်းထိန်းသိမ်း ထားရှိပါသည်။ အသင်းဝင်ကြေးမှာ ကျပ်နှစ်သိန်းတိတိ ဖြစ်ပါသည်။

 ၂။      မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်းရှိ အသင်းဝင်များအားလုံး၏ အသင်းဝင်သက်တမ်းမှာ အသင်းဝင်အဖြစ် စတင်အတည်ပြုသည့်နေ့မှစ၍ တစ်နှစ်ဖြစ်ပါသည်။ အသင်းဝင်အဖြစ် စတင်အတည်ပြုသည့်နေ့ ကို အသင်းမှ ထုတ်ပေးထားသော အသင်းဝင်သက်သေခံလက်မှတ် (Certificate of Membership) တွင် ထည့်သွင်းဖော်ပြထားပါသည်။

 ၃။      အသင်းဝင်များအားလုံးသည် အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအပိုဒ် (၁၆.၅) အရ အသင်းဝင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက အသင်းဝင်အဖြစ် ဆက်လက်တည်ရှိနိုင်ရန် နှစ်စဉ်အသင်းဝင်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ လက်ရှိ သတ်မှတ်ထားသော နှစ်စဉ်ကြေးမှာ ကျပ်နှစ်သိန်းတိတိဖြစ်ပါသည်။ ဘုတ်အဖွဲ့သည် အခါအားလျော်စွာ နှစ်စဉ်ကြေးကို ပြောင်းလဲသတ်မှတ်နိုင်ပါသည်။

၄။       နှစ်စဉ်အသင်းဝင်ကြေးကို ပေးဆောင်ရမည့် ကာလထက် ရက် (၆၀) ကျော်လွန်၍ ပေးသွင်းခြင်းမရှိပါက အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့်အညီ အသင်းဝင်အဖြစ်မှ ရပ်စဲခြင်းခံရနိုင်ပါသည်။ အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအပိုဒ် (၁၆.၇-ဃ) တွင် “အသင်းဝင်အား အသင်းဝင်အဖြစ်မှ ပယ်ဖျက်ပြီး နောက် အသင်းဝင်သည် ပေးရန်ရှိသော နှစ်စဉ်ကြေးများကိုပေးဆောင်ပါက ဘုတ်အဖွဲ့မှ သင့်လျော်သည်ဟု ယူဆလျှင် အသင်းဝင်ဖြစ်မှုကို ပြန်လည်အသက်သွင်းနိုင်သည်” ဟု ပါရှိပါသည်။ သို့ပါသောကြောင့် အသင်းဝင်အဖြစ်မှ ရပ်စဲခြင်းခံရသူများသည် အသင်းဝင်အဖြစ် ပြန်လည် အသက်သွင်းလိုပါက အသင်းထံသို့ အကြောင်းကြားပါရန် လိုအပ်ပါသည်။

၅။       အသင်းသားများအနေဖြင့် အထူးသတိပြုရန်မှာ အသင်းမှ ထုတ်ပေးသည့် အသင်းဝင် မှတ်ပုံတင်လက်မှတ် (Certificate of Membership) နှင့် အသင်းဝင်အမှတ်သည် သည် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ် ဆောင်ရွက်ခွင့်ရှိသော လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ် (Insolvency Practitioner (IP) Registration Certificate)နှင့်  လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ အမှတ် မဟုတ်ပါ။

၆။       လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်း၏ သက်တမ်းရှိ အသင်းဝင်ဖြစ်ရန်လိုအပ်သည်သာမက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်ပုံတင်အရာရှိမှ တဆင့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီသို့  လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ် (Insolvency Practitioner (IP) Registration Certificate) ကို ထပ်မံလျှောက်ထားရမည် ဖြစ်ပြီး ကောင်စီမှ သတ်မှတ်သည့် လိုင်စင်ကြေးကိုလည်း ပေးဆောင် ရမည်ဖြစ်ပါသည်။

၇။       လက်ရှိအချိန်တွင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုလက်မှတ် (Insolvency Practitioner (IP) Certificate လျှောက်လွှာအား DICA က လက်ခံဆောင်ရွက်ခြင်း မရှိသေးပါ။ DICA မှ လျှောက်လွှာလက်ခံသည့်အချိန်တွင် အသင်းသားများထံသို့ အသိပေး အကြောင်းကြားသွားမည်ဖြစ်ပါသည်။

၈။       ယခု ကြေညာချက်ထုတ်ပြန်သည့်အချိန်တွင် မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်း သည်  မြန်မာနိုင်ငံသား အသင်းဝင် (၁၆၆) ဦး နှင့် နိုင်ငံခြားသား အသင်းဝင် (၇) တို့ကို အသင်းသားများအဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါသည်။ လက်ရှိ အသင်းဝင်ဖြစ်သူများ စာရင်းအား အသင်း၏ website တွင် update ပြုလုပ်ထားပါသည်။

ဒါရိုက်တာအဖွဲ့

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း